Print
Category: ပြည်တွင်းသတင်း
Hits: 98

မန္တလေးဆိပ်ကမ်းမှ ရန်ကုန်၊ဗန်းမော်နှင့် အခြားမြို့များသို့ဇူလိုင်လတွင် ကုန်စည်တင်ပို့သည့်ကုန်တင်ရေယာဉ် ၁၆၅ စီးထိ ရှိခဲ့ကြောင်း

မန္တလေးတိုင်းဒေသကြီးရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်တင်တင်ထွန်းက ပြောပြ၍သိရသည်။ မန္တလေးဆိပ်ကမ်းမှ ရန်ကုန်၊ဗန်းမော်နှင့် အခြားမြို့များသို့ဇူလိုင်လတွင် ပြောင်း၊ သကြား၊ဘိလပ်မြေ၊ ကျောက်မီးသွေး၊ ဆား စသည့်ကုန်စည်ပစ္စည်းများတင်ပို့သည့် ကုန်တင်ရေယာဉ် ၁၆၅ စီးထိရှိခဲ့ကြောင်း သိရသည်။ အခုလတ်တလော မန္တလေးဆိပ်ကမ်းမှာ ကုန်စည်ရရှိမှုကပြန်ပြီးများပြားလာတယ်။ ဘိလပ်မြေ၊ ကျောက်စရစ်၊ ဆား စတဲ့ကုန်စည်တွေက အများဆုံးဖြစ်နေတယ်ဟု မန္တလေးတိုင်းဒေသကြီးရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်တင်တင်ထွန်းက ပြောပြသည်။ မန္တလေးဆိပ်ကမ်းတွင် ယခုလက်ရှိ တင်ပို့ရမည့်ကုန်စည် များပြားလာခြင်းကြောင့် ရေယာဉ်များပေါ်တွင် ကုန်စည်များကို သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်မှုများ မပြုလုပ်ကြရန် လိုအပ်ကြောင်း၊ ရေယာဉ်၏အရွယ်အစားနှင့်မချိန်ဘဲ ကုန်များကိုတင်ဆောင်၍ မြစ်အတွင်းသွားလာပါကရေယာဉ်များ အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။ ယခုလက်ရှိ ဧရာဝတီမြစ်အတွင်း ရေများချိန်ကာလဖြစ်သောကြောင့်မန္တလေးဆိပ်ကမ်းမှ သွားလာကြမည့်ရေယာဉ် များအနေဖြင့်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး ရေပေါ်၊ ကမ်းပေါ်တွင်စိုက်ထူပြသပေးထားသည့် ရေလမ်းညွှန်အမှတ်အသားများကို အထူးဂရုပြုသွားလာကြရန် လိုအပ်ကြောင်း သိရသည်။