Print
Category: ပြည်တွင်းသတင်း
Hits: 127

မွန်ပြည်နယ် ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရားတွင် မြို့လုံးကျွတ် ပျားရည်ဆွမ်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို

စက်တင်ဘာ ၂၈ ရက်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်ဘုရားဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးဖိုးငြိမ်းက ပြောပြ၍ သိရသည်။ ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်ဘုရား ဂေါပကအဖွဲ့က ဦးဆောင်ကျင်းပသည့်ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုယခင်နှစ်များအတိုင်း ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သီရိဇေယျာခန်းမဆောင်ရှေ့မှ စတင်ပြီး ကျိုက္ခမီမြို့တွင်း လမ်းမတစ်လျှောက် မြို့လယ်လွတ်လပ်ရေးကျောက်တိုင်ထိ ရဟန်းတော်များ၊သာမဏေများနှင့် သီလရှင်များကအလှူခံကြွရောက်တော်မူမည်ဖြစ်ကြောင်း သိရသည်။ ပျားရည်ဆွမ်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကတော့ နှစ်စဉ်ကျင်းပနေကျ ပွဲတော်ဖြစ်ပါတယ်။ တော်သလင်းလဆန်း ၁၄ ရက်(စက်တင်ဘာ ၂၈ ရက်) ညနေ ၄နာရီမှာ ကျင်းပမှာဖြစ်ပါတယ်။ မြို့ပေါ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၅၈ ကျောင်းက သဃာံတော်၂၈၄ ပါး၊ ရှင်သာမဏေ ၂၁၆ပါးနဲ့ သီလရှင် ၂၄ ပါးကို ပျားရည်ဆွမ်း၊ ဆွမ်းဆန်တော်၊အသီးအနှံ၊စားသောက်ကုန် လှူဖွယ်အစုစုကိုမြို့လုံးကျွတ် လောင်းလှူကုသိုလ်ယူကြမှာဖြစ်ပါတယ်။ မြို့လယ်ဓမ္မာရုံမှာလဲ စာရေးတံမဲအလှူကျင်းပအုံးမှာဖြစ်ပါတယ်ဟု ဦးဖိုးငြိမ်းက ပြောပြသည်။ ထိုသို့လှူဒါန်းရာတွင် မြို့သူ၊မြို့သားများက လမ်းမကြီးတစ်လျှောက် ပျားရည်၊ ဆွမ်းဆန်တော်၊ဆီနှင့် အခြားလှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူကြခြင်းဖြစ်ပြီးပျားရည်ရှားပါးသည့် ဒေသဖြစ်သည့်အတွက် ပျားရည်ကို ကျောင်းတိုက်တိုင်းအတွက် အဓိကထားလှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။