Print
Category: ပြည်တွင်းသတင်း
Hits: 107

ယခုဘဏ္ဍာနှစ် ဧပြီလမှအောက်တိုဘာလ ပထမပတ်ထိကာလအတွင်း မြန်မာနိုင်ငံကသတ္တုနှင့် တွင်းထွက်ပစ္စည်းတင်ပို့မှုမှအမေရိကန်ဒေါ်လာ

၁၅၅ ဒသမ၆၈၁ သန်းဖိုး ဝင်ငွေရရှိခဲ့ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန္ဒကပြောပြ၍ သိရသည်။ မြန်မာနိုင်ငံက သတ္တုနှင့် တွင်းထွက်ပစ္စည်းများကို နိုင်ငံတကာသို့ တင်ပို့နိုင်မှုမှာ ယခုဘဏ္ဍာနှစ်ဧပြီ ၁ ရက်မှ အောက်တိုဘာ ၆ရက်ထိကာလအတွင်း နိုင်ငံပိုင်ကဏ္ဍက အမေရိကန်ဒေါ်လာ ၂၂ဒသမ ၄၇ သန်းဖိုး၊ ပုဂ္ဂလိကကဏ္ဍက အမေရိကန်ဒေါ်လာ ၁၃၃ဒသမ ၂၁၁ သန်းဖိုး တင်ပို့ထားကြောင်း သိရသည်။ သတ္တုနဲ့ တွင်းထွက်ပစ္စည်းကဏ္ဍအနေနဲ့ နိုင်ငံတကာတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေရရှိမှုကတော့ဒီဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာလပထမပတ်ထိ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ၁၅၅ ဒသမ ၆၈၁ သန်း ရရှိထားပါတယ်။ သတ္တုအနေနဲ့ပြည်ပတင်ပို့မှုမှာတော့ တရုတ်နိုင်ငံကို အဓိကတင်ပို့နေပါတယ်။ တင်ပို့နေတဲ့သတ္တုအမည်တွေကတော့ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း၊ ကြေးနီ၊ကြေးဝါတို့ဖြစ်ပါတယ်။ ဒီဘဏ္ဍာနှစ်အတွင်းမှာ သတ္တုနဲ့ သတ္တုရိုင်းတင်ပို့နိုင်မှုကတော့ အရင်ဘဏ္ဍာနှစ်ကာလတူထက် ပိုမိုတင်ပို့ နိုင်ခဲ့သလို ဈေးကွက်သစ်တွေလဲ ရရှိထားပါတယ်။ အများဆုံးတင်ပို့နေတဲ့ခဲမဖြူနဲ့ အဖြိုက်နက်သတ္တုတွေကိုတော့ ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက အများဆုံးထုတ်လုပ်နေပြီး မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာလဲ ထုတ်လုပ်နေပါတယ်ဟု ညွှန်ကြားရေးမှူး ဦးနန္ဒက ပြောပြသည်။ ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံက သတ္တုနှင့် တွင်းထွက်ပစ္စည်းများတင်ပို့ရာတွင် ရွှေ၊ ကျောက်စိမ်း၊ကျောက်မျက်ရတနာ၊ ပုလဲ၊ စိန်၊ ခဲ၊ခဲမဖြူ၊ အဖြိုက်နက်၊ ငွေ၊ ကြေးနီ၊သွပ်၊ ကျောက်မီးသွေးနှင့် အခြားတွင်းထွက်ပစ္စည်းအမျိုးမျိုးတင်ပို့ နေကြောင်း သိရသည်။