မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းရှိသီရိမာလာ ကုန်စိမ်းဈေးတွင်အောင်ပန်းဒေသမှ ဝင်ရောက်လာသည့် အာလူးများ

အရောင်းအဝယ်ကောင်းနေကြောင်း အဆိုပါဈေးအတွင်းရှိ အောင် ကုန်စိမ်းပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင်က ပြောပြ၍သိရသည်။ အဆိုပါ အောင်ပန်းဒေသထွက်အာလူးများသည် လက်ရှိအချိန်တွင်မန္တလေး သီရိမာလာကုန်စိမ်းဈေးသို့ တစ်ရက်လျှင် ခြောက်ဘီးကား လေးစီးမှ ငါးစီးထိ ပုံမှန်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်များကောင်းနေကြောင်း၊ ယခုလက်ရှိ အာလူးဈေးနှုန်းများမှာအမျိုးအစားအလိုက် တစ်ပိဿာလျှင် ငွေကျပ် ၁၂ဝဝ မှ ၁၃ဝဝ ထိဈေးရှိနေကြောင်း သိရသည်။ လက်ရှိမှာတော့ အာလူးကအဓိကစိုက်ပျိုးတဲ့အောင်ပန်းဒေသဘက်ကပဲ ထွက်ရှိပြီး ဝင်ရောက်လာတာပါ။ ကျန်တဲ့ဒေသကထွက်ရှိတဲ့ အာလူးတွေကတော့ မရှိသေးပါဘူး။ အာလူးစိုက်ပျိုးတဲ့တောင်သူတွေက အခုနောက်ပိုင်းမှာ ရာသီဥတုအခြေအနေကြောင့် စိုက်တဲ့သူနည်းသွားပါတယ်။ တောင်ပေါ်ဒေသကပဲ ထွက်ရှိနေတာပါ။ အာလူးက အဝင်နည်းသွားပြီးပစ္စည်းပြတ်လပ်နေတာကြောင့်အရောင်းအဝယ်တွေ ကောင်းနေတာပါဟု ဦးအောင်မိုးနိုင်ကပြောပြသည်။ မန္တလေး သီရိမာလာကုန်စိမ်းဈေးတွင် အာလူးများ အရောင်းအဝယ်ကောင်းနေခြင်းနှင့်အတူအခြားကုန်စိမ်းသီးနှံများဖြစ်သည့်ဂေါ်ဖီထုပ်၊ သခွားသီး၊ ခရမ်းချဉ်သီး၊ မုန်ညင်းဖြူ၊ ဗိုလ်စားပဲနှင့်ပန်းမုန်လာတို့လည်း အရောင်းအဝယ် ကောင်းနေကြောင်းသိရသည်။