Print
Category: ပြည်တွင်းသတင်း
Hits: 85

၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်တွင်မန္တလေးတိုင်းဒေသကြီး သရက်ကုန်းငါးလုပ်ငန်းစခန်း၌ တိုင်းရင်းငါးမျိုးဖြစ်သော ငါးမြင်းကိုမွေးမြူသားဖောက်သွားမည်ဖြစ်ကြောင်း

မန္တလေးတိုင်းဒေသကြီးသရက်ကုန်း ငါးလုပ်ငန်းစခန်းလက်ထောက်ညွှန်ကြားရေးမှူးဦးထွန်းနောင်ဝင်းက ပြောပြ၍သိရသည်။ တိုင်းရင်းငါးမျိုးစိတ်များမျိုးသုဉ်းမသွားစေရေးအတွက်သရက်ကုန်း ငါးလုပ်ငန်းစခန်းကငါးသားပေါက်များကို ဖမ်းယူစုဆောင်းကာ ပြုစုမွေးမြူမှုများပြုလုပ်ပြီး သားဖောက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် ငါးနက်ပြာ၊ငါးပတ်နှင့် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ငါးဖန်းမကို မွေးမြူသားဖောက်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း၊လာမည့် ဘဏ္ဍာနှစ်တွင်လည်းငါးမြင်းကို ဆက်လက်မွေးမြူသားဖောက်သွားမည်ဖြစ်ကြောင်းသိရသည်။ သရက်ကုန်းငါးလုပ်ငန်းစခန်းကနေပြီးတော့ တိုင်းရင်းငါးမျိုးစိတ်တွေကို စမ်းသပ်မွေးမြူပြီးတော့သားဖောက်ပေးနေပါတယ်။ လာမဲ့ဘဏ္ဍာနှစ်ထဲမှာတော့ ငါးမြင်းကိုစမ်းသပ်သားဖောက်သွားမှာပါ။ လက်ရှိမွေးမြူထားတာ အကောင်ရေ ၂ဝ ကျော်ရှိပါတယ်။ အဲဒီအကောင်ရေ ၂ဝ ထဲကနေထုတ်ပြီးသားဖောက်သွားမှာပါ။ မြစ်၊ချောင်း၊ အင်းအိုင်၊ ဆည်၊ တမံတွေမှာ တိုင်းရင်းငါးတွေစဉ်ဆက်မပြတ်ရှိနေနိုင်ဖို့အတွက်ပါ။ ငါးရိက္ခာဖူလုံစေဖို့နဲ့ ငါးသယံဇာတ ပေါများကြွယ်ဝစေဖို့ပါ။ ဒေသရေလုပ်သားတွေလဲ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများစေဖို့ပါ။အခုလို တိုင်းရင်းငါးတွေကိုစမ်းသပ်သားဖောက်ပြီး ပေါများလာရင် မျိုးစိုက်ထည့်ပေးသွားမှာပါဟု ဦးထွန်းနောင်ဝင်းကပြောပြသည်။သရက်ကုန်းစခန်းအနေဖြင့်ငါးမျိုးစိတ် ၁ဝ မျိုးကို နှစ်စဉ်သားဖောက်၍ မျိုးစိုက်ထည့်ပေးနေသည့်အပြင် နည်းပါးလာသည့်တိုင်းရင်းငါးမျိုးစိတ်များကိုလည်းစမ်းသပ်သားဖောက် ဆောင်ရွက်နေရာ အောင်မြင်လျက်ရှိကြောင်းသိရသည်။