Print
Category: ပြည်တွင်းသတင်း
Hits: 214

ယခုနှစ် ကော်ဖီရာသီအစတွင် ထိုင်းနိုင်ငံက ကော်ဖီဝယ်ယူမှု မြင့်တက်နေခြင်းကြောင့် မြန်မာ့ကော်ဖီများ ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း(ရှမ်းပြည်နယ်)မှ ဗဟို အလုပ်အမှုဆောင် ဦးစိုင်းထွန်း အောင်ထံမှ

သိရသည်။ ယခုနှစ် ကော်ဖီရာသီအစတွင် ထိုင်းဝယ်လက်များ ကော်ဖီစိုက် ခင်းများအရောက် ကွင်းဆင်းဝယ် ယူနေခြင်းကြောင့် ယခင်နှစ်ထက် ကော်ဖီဈေးနှုန်း သုံးဆခန့်ထိ တက်ကာ ဈေးကောင်းရရှိ နေခြင်း ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့တဲ့နှစ်က ကော်ဖီစေ့ တစ်ပိဿာကို ငွေကျပ် ၈ဝဝ လောက်သာရရှိခဲ့ပေမဲ့ အခုနှစ် ကော်ဖီစတင်ထွက်ရှိချိန် ကော်ဖီစေ့ တစ်ပိဿာကို ငွေကျပ် ၂၅ဝဝ ကျော်ထိ ဈေးကောင်းရနေပါတယ်။ ပြည်တွင်းမှာ ကော်ဖီကို နိုဝင်ဘာလမှ မတ်လထိ ခူးဆွတ်လေ့ရှိပြီး အခုနှစ် နိုဝင်ဘာလ ကော်ဖီရာသီ အစမှာ ထိုင်းဝယ်လက်တွေက စိုက်ခင်းအရောက် ကွင်းဆင်းဝယ်ယူကြတာဖြစ်ပါတယ်ဟု မြန်မာနိုင်ငံကော်ဖီ အသင်း(ရှမ်းပြည်နယ်)မှ ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းထွန်းအောင်က ပြောပြသည်။ ဈေးကွက်ဝင် မြန်မာ့ကော်ဖီများကို ပြည်ပသို့ ကော်ဖီတင်ပို့ ရောင်းချသည့်ကာလမှာ နှစ်ကုန် ပိုင်းထိဖြစ်ပြီး မြန်မာ့ ကော်ဖီတင်ပို့ မှုမှာ နှစ်စဉ်တန်ချိန် ၄ဝဝ ခန့်ရှိကာ ၂ဝ၁၉ ခုနှစ်က တန်ချိန် ၅ဝဝ ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။လက်ရှိ ပြည်တွင်းကော်ဖီဈေးကွက်တွင် ရွာငံ၊ ပင်လောင်း၊ ဟိုပုန်း၊ မိုးကုတ်နှင့် ပြင်ဦးလွင် ဒေသထွက် အထူးတန်းဝင် မြန်မာ့ကော်ဖီများကို ယခင်နှစ်များထက် ထိုင်းဝယ်လက်များက ပိုမိုစိတ်ဝင် စားလာကြောင်းသိရသည်။ ကော်ဖီကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အနည်းငယ်စိုက်ပျိုးကြကြောင်း ဦးစိုင်းထွန်းအောင်က ပြောပြ၍ သိရသည်။