Print
Category: နိုင်ငံတကာသတင်း
Hits: 74

ပြီးခဲ့သည့် ၂၄ နာရီအတွင်းအစ္စရေးတိုက်လေယာဉ်များသည်ဂါဇာကမ်းမြောင်ဒေသရှိဟားမတ်စ်အုပ်စု ပစ်မှတ်ပေါင်း ၄၅ဝ ကိုတိုက်ခိုက်ခဲ့ကြကြောင်း

အစ္စရေးစစ်ဘက်က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။ နိုဝင်ဘာ ၅ ရက် ညလုံးပေါက်ပြုလုပ်ခဲ့သည့် အစ္စရေး၏ ဝေဟင်၊ မြေပြင်၊ရေပြင်တိုက်ခိုက်မှုများသည် တစ်လကျော်ကြာမြင့်လာပြီဖြစ်သည့် ဂါဇာစစ်ပွဲကာလအတွင်း အပြင်းထန်ဆုံးထိုးစစ်တစ်ခုဖြစ်ခဲ့သည်။ ဟားမတ်စ်အုပ်စု၏ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံကပြုလုပ်နေသည့် လေကြောင်းထိုးစစ်များကြောင့် လက်ရှိအချိန်ထိပါလက်စတိုင်းဦးရေ ၉၇၇ဝသေဆုံးခဲ့ရပြီဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေး တာဝန်ရှိသူများကပြောကြားခဲ့သည်။ အပစ်အခတ် ရပ်စဲရေးတောင်းဆိုမှုများကို ပယ်ချခဲ့ပြီးနောက် အစ္စရေးနိုင်ငံမှာ ၄င်း၏ထိုးစစ်များအတွင်း အရပ်သားများသေဆုံးရမှုကို ရှောင်ရှားရေးအတွက် နိုင်ငံတကာဖိအားပေးမှုများနှင့်ရင်ဆိုင်နေရသည်။ လက်ရှိအချိန်တွင် အစ္စရေးမြေပြင်တပ်များသည် ဟားမတ်စ်အုပ်စု၏ ဗဟိုချက်ဖြစ်သည့် ဂါဇာစီးတီးမြို့ကိုဝိုင်းရံထားရာ ဟားမတ်စ်အုပ်စုဝင်များနှင့် မြို့တွင်းတိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။ ဟားမတ်စ်အုပ်စု၏အောက်တိုဘာ၇ရက်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံ၌ လူပေါင်း ၁၄ဝဝ ကျော်သေဆုံးခဲ့ရပြီးနောက် အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ခဲ့ရကြောင်းသိရသည်။