ရေနံစိမ်းများ သယ်ဆောင်၍အိန္ဒိယနိုင်ငံသို့ ဦးတည်မောင်းနှင်နေသော ပနားမားမှတ်ပုံတင်ရေနံတင် သင်္ဘောတစ်စီးကိုပင်လယ်နီရေပြင်၌

ဒုံးကျည်တစ်စင်းထိမှန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကဖေဖော်ဝါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အမ်တီပေါလပ်စ်အမည်ရှိ ၄င်းရေနံတင်သင်္ဘောကို ယီမင်နိုင်ငံဘက်မှပစ်ခတ်ခဲ့သော ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းအမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏အဆိုအရ သိရသည်။အမ်တီပေါလပ်စ် ရေနံတင်သင်္ဘောသည် ယီမင်နိုင်ငံ မိုခါဆိပ်ကမ်းနှင့် ရေမိုင် ၇၂မိုင်အကွာပင်လယ်နီရေပြင်အတွင်း ရှိနေစဉ်ဒုံးကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။ အမ်တီပေါလပ်စ် ရေနံတင်သင်္ဘောသည် ရုရှားနိုင်ငံ နိုဗိုရိုဆီယက်ခ် ပင်လယ်နက်ဆိပ်ကမ်းမှဇန်နဝါရီ ၂၄ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီ ၂၈ရက်တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ရေနံစိမ်းစည်ပေါင်း၃ဝဝဝဝဝသယ်ဆောင်ထားသည်။ အဆိုပါရေနံတင် သင်္ဘောအားဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကိုယီမင်အခြေစိုက်ရှီးယိုက်စ်ဟူသီသူပုန်အုပ်စုက ယနေ့တွင် သတင်းထုတ်ပြန်အတည်ပြုထားသည်။ဟူသီသူပုန်အုပ်စုသည် အစ္စရေး၏ဂါဇာစစ်ပွဲကို တုံ့ပြန်သည့်အနေဖြင့် ပင်လယ်နီရေပြင် အတွင်းသွားလာနေသော အစ္စရေးနှင့် ပတ်သက်ဖွယ်ရှိသည့်သင်္ဘောများကို တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။