မိုဘိုင်းလ်ဖုန်းအသုံးများသည့်အမျိုးသားများတွင် သုက်ပိုးစုစည်းမှုအဆင့် ပုံမှန်ထက် ၂၁ ရာခိုင်နှုန်းပိုမို ကျဆင်းနေတတ်ကြောင်း

နိုဝင်ဘာ ၅ ရက် သတင်းများ၏အဆိုအရ သိရသည်။ အမျိုးသားများ၏ သုက်သွေးအရည်အသွေးကို သုက်ပိုးများစုစည်းမှုအဆင့်၊ သုက်ပိုးကောင်အရေအတွက်၊ ပုံသဏ္ဍာန်နှင့်အရွယ်အစား စသည့်အချက်များက အဆုံးအဖြတ်ပေးနိုင်သည်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ တက္ကသိုလ်မှ သုတေသနပညာရှင်များသည် အမျိုးသား ၂၈၈၆ ဦး၏သုက်သွေးနမူနာများကို လေ့လာ၍၄င်းအမျိုးသားများ ဖုန်းအသုံးပြုပုံနှင့် နှိုင်းယှဉ်သုံးသပ်ခဲ့ကြသည်။ လေ့လာချက်မှ ထွက်ပေါ်လာသည့်ရလဒ်များအရ တစ်ရက်လျှင်မိုဘိုင်းလ်ဖုန်းကို အကြိမ် ၂ဝအထက်သုံးစွဲသူများတွင် သုက်ပိုးစုစည်းမှုပုံမှန်ထက် ၂၁ ရာခိုင်နှုန်းပိုနည်းပါးကြောင်း သိရသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း မိုဘိုင်းလ်ဖုန်းအသုံးပြုမှုမြင့်တက်လာသည်နှင့်အမျှ ၄င်းကိရိယာများက ထုတ်လွှင့်သည့်ရေဒီယိုကြိမ်နှုန်း လျှပ်စစ်သံလိုက်ရောင်ခြည်များ၏ လူ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများမှာ သတိထားစရာဖြစ်လာသည်ဟုသုတေသနပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။ ယခင်ပြုလုပ်ခဲ့သည့် လေ့လာချက်များအရလည်း ပြီးခဲ့သည့်နှစ်ပေါင်း ၅ဝ အတွင်း အမျိုးသားများ၏ သုက်သွေးအရည်အသွေးကျဆင်းလာပြီး သုက်ပိုးပမာဏမှာလည်း သုက်သွေးတစ်မီလီမီတာလျှင် သုက်ပိုးကောင်ရေ ၉၉ သန်းမှ ၄၇ သန်းထိ ကျဆင်းသွားကြောင်းသိရသည်။