Print
Category: အခြားသတင်းများ
Hits: 157

အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ် တောင်ဘက်စွန်းပိုင်းတွင်နိုဝင်ဘာ ၃ဝ ရက်ညကအားကောင်းသည့် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ပြီး လူနေအိမ်တချို့ပျက်စီးကာသေဆုံးသူနှစ်ဦးရှိခဲ့ကြောင်း အလာဘားမား ပြည်နယ်

အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်ဟု Latimes သတင်းဌာနက ယနေ့တွင် ရေးသား ဖော်ပြခဲ့သည်။ ပျက်စီးခဲ့သော လူနေအိမ်တချို့မှာ လေဆင်နှာမောင်းကြောင့်သစ်ပင်ကြီးများလဲကျရာမှ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ လေဆင်နှာမောင်းကြောင့် မီးသတ်တပ်ဖွဲ့အဆောက်အအုံတချို့လည်း ပျက်စီးခဲ့ပြီး လေဆင်နှာမောင်းသည်အလာဘားမားပြည်နယ် တောင်ဘက်စွန်းပိုင်းရှိ မစ္စစ္စပီပြည်နယ် နယ်ခြားတွင်တိုက်ခတ်ခဲ့ခြင်းကြောင့် မစ္စစ္စပီပြည်နယ်တွင်လည်း ပျက်စီးဆုံးရှုံးမှုတချို့ရှိခဲ့ကြောင်း သိရသည်။ ညအချိန် ရုတ်တရက်လေဆင်နှာမောင်း ဝင်လာတဲ့အတွက် ကျွန်တော်တို့ အကူအညီမဲ့ခဲ့ပါတယ်။ အိပ်နေတုန်း တိုက်ခတ်ခဲ့တာဖြစ်တဲ့အတွက် ပြင်ဆင်ချိန်မရခဲ့ပါဘူးဟု လေဆင်နှာမောင်းဒဏ်သင့် ဒေသခံဖြစ်သူ ဘန့်စတွန်က ပြောကြားခဲ့သည်။ အလာဘားမားပြည်နယ်၌ပျက်စီးခဲ့သည့် လူနေအိမ်အများစုမှာ ဖလက်ဝုဒ်ကောင်တီမှဖြစ်ပြီး သေဆုံးသူနှစ်ဦးအနက်တစ်ဦးမှာ အသက် ၃၈ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး ကျန်တစ်ဦးမှာအသက် ရှစ်နှစ်အရွယ်သာရှိသေးသည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်းအလာဘားမား အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။ လေဆင်နှာမောင်းသည်တက္ကဆက်ပြည်နယ် အပါအဝင် အမေရိကန် တောင်ဘက်ပိုင်းရှိပြည်နယ်များသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အလာဘားမားပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အမျိုးသား မိုးလေဝသစင်တာကထုတ်ပြန်ခဲ့သည်။