အယ်ဇိုင်းမားရောဂါ၏ရှေ့ပြေးလက္ခဏာများကို ရောဂါလက္ခဏာများမပေါ်မီ သွေးစစ်နည်းတစ်မျိုးဖြင့် ကြိုတင်၍ဖော်ထုတ်ပေးနိုင်ဖွယ်ရှိကြောင်း The Daily Mailသတင်းစာက ဒီဇင်ဘာ ၇ ရက်ကရေးသားတင်ပြ ထားသည်။

အယ်ဇိုင်းမားရောဂါ လူနာအများစုသည် မှတ်ဥာဏ်ပြဿနာများပေါ်ပေါက်ပြီးချိန်မှသာ အယ်ဇိုင်းမားရောဂါကို စစ်ဆေးတွေ့ရှိရလေ့ရှိသည်။ သို့ရာတွင် အယ်ဇိုင်းမားရောဂါ၏ ရှေ့ပြေး လက္ခဏာများသည်ဦးနှောက်အတွင်း စုစည်းတည်ရှိနေသော အမီလွိုက်ဘီတာခေါ် ပရိုတင်းအစုအဝေးများမှ ပေါ်ထွက်လာတတ်ကြောင်း အမေရိကန်နိုင်ငံဝါရှင်တန်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။ SOBAဟူ၍အမည်ပေးထားသည့် သွေးစစ်နည်းသည် အမီလွိုက်ဘီတာ ပရိုတင်းအစုအဝေးများကို ထောက်လှမ်းနိုင်ပြီး အယ်ဇိုင်းမားရောဂါကို ဖော်ထုတ်ပေးနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။ အမေရိကန် သုတေသနပညာရှင်များသည် SOBAသွေးစစ်နည်းကို အယ်ဇိုင်းမားရောဂါလူနာ ၁၄၇ဦးတို့ဖြင့် စမ်းသပ်ခဲ့ရာ တစ်ဦးမှတစ်ပါး ကျန်အားလုံးတို့၌ ရောဂါရှိနေမှုကိုဖော်ထုတ်ပေးနိုင်ခဲ့သည်။ သို့ရာတွင် အဆိုပါသွေးစစ်နည်း၏ထိရောက်မှုကို အတည်ပြုနိုင်ရေးအတွက် ကျယ်ပြန့်သည့်လက်တွေ့ စမ်းသပ်မှုများ ပြုလုပ်ရန်လိုဆဲဖြစ်သည်ဟု သုတေသနပညာရှင်များက ဝန်ခံထားကြောင်းသိရသည်။