Print
Category: အားကစားသတင်း
Hits: 135

ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်အသင်းနှင့် သြစတြေးလျ အသင်းတို့ပွဲစဉ်၌ ပြင်သစ်အသင်း အတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး ဂီရော့ဒ်သည် နိုင်ငံတကာသွင်းဂိုး ၅၁ ဂိုးထိရှိလာ ခဲ့ပြီး

ဂိုးသွင်းအများဆုံးကစားသမား အဖြစ်ရပ်တည်နေသည့် အွန်နရီ၏ စံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း Goal.com  က ယနေ့တွင်ဖော်ပြ ခဲ့သည်။ ပြင်သစ်အသင်းဘောလုံးသမိုင်းတွင် ဂန္ထဝင်ကစားသမား အွန်နရီက နိုင်ငံတကာ ပြိုင်ပွဲ ၁၂၃ ပွဲတွင် သွင်းဂိုး ၅၁ ဂိုးထိ သွင်းယူ၍ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေသော်လည်း ဂီရော့ဒ်က လက်ရှိ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့သဖြင့် အွန်နရီ၏ စံချိန်ကိုလိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။ ဂီရော့ဒ်သည် ၂ဝ၁၁ ခုနှစ်က ပြင်သစ်အသင်းအတွက် စတင် ပါဝင် ကစားခွင့်ရရှိခဲ့သည့်ပွဲစဉ်တွင် အမေရိကန်အသင်းကို ပထမဆုံး သွင်းဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ နိုင်ငံတကာပြိုင်ပွဲ ၁၁၅ ပွဲပါဝင်ကစားခဲ့ရာ သွင်းဂိုး ၅၁ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးသွင်း အများဆုံးကစားသမား အွန်နရီ၏ စံချိန်ကိုကျော်ဖြတ်နိုင်ရန် သေချာလျက်ရှိသည်။ ထို့ပြင် ပြင်သစ် အသင်းဘောလုံး သမိုင်းတစ်လျှောက်တွင် ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် အွန်နရီနှင့် ဂီရော့ဒ် ၅၁ ဂိုးပြီးလျှင် သွင်းဂိုး ၄၂ ဂိုးထိသွင်းယူနိုင်ခဲ့သည့် ဂရစ်ဇ်မန်းက တတိယ၊ သွင်းဂိုး၄၁ ဂိုးသွင်းယူနိုင်ခဲ့သည့် ပလာတီနီက စတုတ္ထနှင့် သွင်းဂိုး ၃၇ ဂိုးသွင်းယူနိုင်ခဲ့သည့် ဘင်ဇီးမားက ပဉ္စမနေရာ၌ ရပ်တည်လျက်ရှိ နေကြောင်း သိရသည်။