မန္တလေးမြို့ရှိ အထင်ကရ တန်ခိုးကြီးဘုရားများသို့ ဘုရားဖူး ပြည်သူများ နေ့စဉ်လာရောက် ဖူးမြော်လျက်ရှိကြောင်း ဘုရား ဂေါပကအဖွဲ့များထံမှ သိရသည်။ယနေ့တွင် မန္တလေးမြို့ရှိ တန်ခိုးကြီး ဘုရားများဖြစ်သော မဟာမုနိရုပ်ရှင်တော်၊ မန္တလေး တောင်တော်နှင့်

ဝေရောစန ကျောက်စိမ်း စေတီတော်တို့တွင် ဘုရားဖူး ရဟန်းသံဃာတော်များ နှင့်ပြည်သူ စုစုပေါင်း ၁၁၈ဝ၇၆ ဦး လာရောက် ဖူးမြော်ကြကြောင်းသိရသည်။ဒီနေ့ဟာ ရုံးပိတ်ရက်၊ကျောင်း ပိတ်ရက်ဖြစ်တာကြောင့် မန္တလေး တောင်ပေါ်ကို ကား၊ ဆိုင်ကယ်တွေနဲ့ကော စောင်းတန်းတွေကပါ တက်ရောက်ဖူးမြော်သူ များပြားပါတယ်။ အနယ်နယ် အရပ်ရပ်က လာရောက်ဖူးမြော်ကြတာကို တွေ့ရပါတယ်။ စားသောက်ဆိုင်တွေနဲ့ အမှတ်တရ ပစ္စည်းအရောင်း ဆိုင်တွေလဲ ဖွင့်လှစ်ရောင်းချကြပါတယ်။ လာရောက်ဖူးမြော်သူတွေကလဲ အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူ နေကြပြီး စည်ကားနေပါတယ်။ အမှတ်တရဓာတ်ပုံတွေလဲ ရိုက်ကြတာကိုတွေ့ရပါတယ်ဟု မန္တလေး တောင်တော် ဂေါပကအဖွဲ့အုပ်ချုပ် ရေးမှူး ဦးစိုးကြည်က ပြောပြသည်။မန္တလေး တောင်တော်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ပေးထားကြောင်း၊ ယနေ့ ညနေထိ ဘုရားဖူး ၅၃၃ ဦး လာရောက် ဖူးမြော်ကြောင်း သိရသည်။မဟာမုနိရုပ်ရှင်တော်သို့ ယနေ့ ညနေထိ ဘုရားဖူး ၁၁၆၄၁၃ ဦး လာရောက် ဖူးမြော်ခဲ့ကြောင်း၊ ဘုရားကို နံနက် ၄ နာရီ မိနစ် ၃ဝ မှ ညနေ ၆ နာရီထိ ဖွင့်လှစ်ထားပြီး ဘုရားဖူး ရဟန်းရှင်လူပြည်သူများ အနေဖြင့် မုခ်လေးခုစလုံးမှ ဝင် ရောက်ဖူးမြော်နိုင်ကြောင်း မဟာ မုနိရုပ်ရှင်တော် ဂေါပကအဖွဲ့ရုံး အဖွဲ့မှူး ဦးသိန်းထွန်းကပြောပြသည်။ထို့အတူ ဝေရောစနကျောက်စိမ်း စေတီတော်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ထားပြီး ယနေ့ညနေထိ ဘုရားဖူးဦးရေ ၁၁၃ဝ လာရောက်ဖူးမြော်ကြောင်း ဝေရောစနကျောက်စိမ်းစေတီတော် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောပြ၍ သိရသည်။