ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်ထားသည့် ဆင်ကျွန်းကျေးရွာ၌ ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ ပြည်တွင်းခရီးသွားဝင်ရောက်လည်ပတ်မှုများပြားလျက်ရှိကြောင်း

မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင် ဦးမောင်မောင်လေးက ပြောပြ၍ သိရသည်။ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်ထားသည့်ကျေးရွာများထဲမှ ခရီးသွားများ လတ်တလောစိတ်ဝင်စားမှုရှိသည့် ကျေးရွာမှာမန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ ဆင်ကျွန်းကျေးရွာဖြစ်ကြောင်း၊ ဆင်ကျွန်းကျေးရွာ၌ရက်ကန်းလုပ်ငန်း၊ အိုးလုပ်ငန်း၊ခမောက်လုပ်ငန်း၊ ဆေးပေါ့လိပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်းများ အပါအဝင် အခြားစိတ်ဝင်စားစရာများကိုလည်း ခရီးသွားများ လေ့လာကြကြောင်း သိရသည်။ အခု ဆင်ကျွန်းကျေးရွာကိုလည်ပတ်တဲ့ ခရီးသွားတွေကလဲမတ္တရာမြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ထဲမှာ နေထိုင်ကျက်စားနေတဲ့ဧရာဝတီလင်းပိုင်တွေကိုလဲ သွားရောက်ကြည့်ရှုမှုတွေရှိပါတယ်ဟုဦးမောင်မောင်လေးကပြောပြသည်။မတ္တရာမြို့နယ်အတွင်းရှိ ဆင်ကျွန်းကျေးရွာသို့ ဝင်ရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွားဦးရေမှာ ဇူလိုင်လ ဒုတိယပတ်ကတစ်ရက်လျှင် ဦးရေ ၆ဝကျော်သာရှိခဲ့သော်လည်း ဇူလိုင်လနောက်ဆုံးပတ်တွင် ဝင်ရောက်လည်ပတ်သည့်ပြည်တွင်းခရီးသွားဦးရေမှာ တစ်ရက်လျှင် ဦးရေ ၁ဝဝ ကျော်ထိရှိလာကြောင်း သိရသည်။ ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်ထားတဲ့ ကျေးရွာတွေကတော့ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းမှာက ဆင်ကျွန်းကျေးရွာ၊ အေးကျွန်းကျေးရွာ၊ မြေစွန်းကျေးရွာ၊စိန်ပန်းကုန်းကျေးရွာ၊ စဥ့်ကူးမြို့နယ်အတွင်းမှာတော့ မြစ်ကမ်းကြီးကျေးရွာ၊ ဆည်သည်ကျေးရွာနဲ့စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်အတွင်းမှာ ဖော်ဆောင်တာကတော့ ရွာသစ်ကျေးရွာ၊ တကောင်းကျေးရွာ၊ ရှိမ်းမကားကျေးရွာတို့ဖြစ်ပါတယ်ဟု ဦးမောင်မောင်လေးက ဆက်လက်ပြောပြ၍ သိရသည်။