ယခုဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအမျိုးအမည် ၃၉ဝ ကို ဓာတ်ခွဲစမ်းသပ်ခွင့်ပြုပေးထားကြောင်း

မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်က ပြောပြ၍သိရသည်။ တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များက ထုတ်လုပ်ရောင်းချမည့်ကုန်ပစ္စည်းများကို ယခုဘဏ္ဍာနှစ်အတွင်း ဓာတ်ခွဲစမ်းသပ်ပေးရန် ကုန်ပစ္စည်းအမျိုးအမည် ၆၂ဝ ကိုလျာထားဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့အချိန်ထိ ဓာတုဗေဒဓာတ်ခွဲစမ်းသပ်ပေးခြင်းဖြင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအမျိုးအမည် ၂ဝ၆ ခုနှင့် အဏုဇီဝ ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအမျိုးအမည် ၁၈၄ ခု စုစုပေါင်းကုန်ပစ္စည်းအမျိုးအမည် ၃၉ဝ ကို ဓာတ်ခွဲစမ်းသပ် ခွင့်ပြုပေးထားကြောင်းသိရသည်။ အခုဘဏ္ဍာနှစ်အတွင်းမှာလုပ်ငန်းရှင်တွေထုတ်လုပ်မဲ့ ထုတ်ကုန်ပစ္စည်းတွေကို ဓာတ်ခွဲစမ်းသပ်ခြင်းနှစ်မျိုးနဲ့ ဆောင်ရွက်ပါတယ်။ အခုလက်ရှိအချိန်မှာ ကုန်ပစ္စည်းအမျိုး အမည် ၃၉ဝ ကိုဆောင်ရွက်ထားရှိပါတယ်။ ဓာတ်ခွဲစမ်းသပ်ပေးရာမှာလဲ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ကိုက်ညီတဲ့ ထုတ်ကုန်ပစ္စည်းတွေကိုသာ ခွင့်ပြုပေးခဲ့ပါတယ်။ ဘဏ္ဍာနှစ်အလိုက်လဲလုပ်ငန်းရှင်တွေ ပေါ်ထွက်ရေးအတွက် ထုတ်ကုန်ပစ္စည်းတွေကိုဓာတ်ခွဲစမ်းသပ်ပေးပါတယ်။ ထုတ်လုပ်ရောင်းချမဲ့ လုပ်ငန်းရှင်တွေကမိမိတို့ပြုလုပ်ပြီး ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချမဲ့ ပစ္စည်းတွေကိုဓာတ်ခွဲစမ်းသပ်မှုမဖြစ်မနေပြုလုပ်ရပါတယ်။ စားသောက်ကုန်၊ လူသုံးကုန်တွေကို အများပြည်သူတွေအများဆုံး သုံးစွဲစားသုံးကြတာကြောင့် ဓာတုပစ္စည်းပါဝင်မှုတွေ၊အဏုဇီဝပိုးမွှား ပါဝင်မှုတွေကိုစမ်းသပ်စစ်ဆေးရတာပါ။ စားသုံးသူပြည်သူတွေ အန္တရာယ်ကင်းရှင်းစေဖို့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ဟု ဦးဝင်းဗိုလ်က ပြောပြ၍သိရသည်။