ရုရှားရေတပ် မွေးနေ့ပွဲအဖြစ်ဇူလိုင် ၃ဝ ရက်က စိန့်ပီတာစဘတ်မြို့၌ ကျင်းပခဲ့သော ရေတပ်စစ်ရေးပြချီတက်ပွဲသို့ ရုရှားသမ္မတ ပူတင်ကိုယ်တိုင်တက်ရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း

ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့်အဆိုပါရုရှားရေတပ်စစ်ရေးပြပွဲ၌ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများနှင့် စစ်သင်္ဘောများအပါအဝင် သင်္ဘောအမျိုးအစား၄၅ စီးပါဝင်ခဲ့ကြောင်း သိရသည်။ရုရှားသမ္မတ ပူတင်သည်ရေတပ်မွေးနေ့မိန့်ခွန်းမပြောကြား မီအမြန်အမိုးဖွင့်ရေယာဉ်ငယ်တစ်စီးဖြင့် နီဗာမြစ်ကြောင်းတစ်လျှောက်သွားရောက်၍ ရုရှားစစ်သင်္ဘောများကို စစ်ဆေးခဲ့သည်။နီဗာမြစ်အတွင်း ရုရှားစစ်သင်္ဘောများကို လှည့်လည်စစ်ဆေးစဉ် သမ္မတပူတင်နှင့်အတူ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးနှင့် ရုရှားရေတပ် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး နီကိုလိုင်ယီမင်နော့ဗ်လည်း လိုက်ပါသွားသည်။ရုရှားနိုင်ငံအနေဖြင့် ရေတပ်အင်အားခိုင်မာစေရန်တည်ဆောက်လျက်ရှိရာ ယခုနှစ်အတွင်းမှာပင်စစ်ရေယာဉ်သစ် အစင်း ၃ဝ ရရှိလိမ့်မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ရုရှားရေတပ်မွေးနေ့မိန့်ခွန်း၌ ပြောကြားခဲ့သည်။ရုရှားရေတပ်မွေးနေ့ စစ်ရေးပြပွဲသို့ အာဖရိကနိုင်ငံတို့မှခေါင်းဆောင်များလည်း ရုရှားသမ္မတနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။