ဘေးအန္တရာယ် ကျရောက်နေသည့် ကမ္ဘာ့အမွေအနှစ်နယ်မြေများစာရင်းတွင် အီတလီနိုင်ငံ ဗင်းနစ် မြို့နှင့်မြို့တည်ရှိရာ ပင်လယ်ထုံးအိုင်နယ်မြေတို့ကို ထည့်သွင်းရန်ကုလသမဂ္ဂ ပညာရေး၊ ယဉ်ကျေးမှု နှင့်သိပ္ပံအဖွဲ့(ယူနက်စကို)ကျွမ်းကျင်သူများက

အကြံပြုထားကြောင်းရိုက်တာသတင်းဌာနက ဇူလိုင် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။ အီတလီအစိုးရ အနေဖြင့်ရာသီဥတုပြောင်းလဲမှုနှင့်ခရီးအသွား အလာများမှုပြဿနာများမှ ဗင်းနစ်မြို့ကိုကာကွယ်ရေးအတွက် လုံလုံလောက်လောက် ဆောင်ရွက်မှုမရှိ ခဲ့ကြောင်း ယူနက်စကိုကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ် နယ်မြေများဗဟိုဌာနမှ ကျွမ်းကျင်သူများသည် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နယ်မြေများစာရင်းတွင်ပါဝင်သော နယ်မြေပေါင်း ၁၁၅၇ခုတို့၏အခြေအနေများကို ပုံမှန်အကဲဖြတ်ဆန်းစစ်လေ့ရှိသည်။ ယခုနှစ်စက်တင်ဘာလ အတွင်းဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့၌ကျင်းပမည့် ယူနက်စကို ၂၁ နိုင်ငံကော်မတီ အစည်းအဝေးတွင် ကျွမ်းကျင်သူများက ကမ္ဘာ့အမွေအနှစ်နေရာ ၂ဝဝ ကျော်ကို အကဲဖြတ်လေ့လာ၍ မည်သည့်နေရာများအား ဘေးအန္တရာယ်ကျရောက်နေသော နေရာများအဖြစ်သတ်မှတ်မည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ ယူနက်စကို ကျွမ်းကျင်သူများသည် အဆိုပါကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၂ဝဝ ကျော်အနက်ဗင်းနစ်မြို့အပါအဝင် နေရာပေါင်း၁ဝ ခုကို ဘေးအန္တရာယ်ကျရောက်နေသည့် အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် အကြံပြု ထားသည်။ တူးမြောင်းများနှင့် ယဉ်ကျေးမှုအမွေအနှစ် နေရာများကြောင့်ကျော်ကြားသည့် ဗင်းနစ်မြို့ သည်ပြီးခဲ့သည့်နှစ်များအတွင်း ရာသီဥတုပြောင်းလဲမှုပြဿနာနှင့် ခရီးအသွားအလာများလွန်းမှုပြဿနာများ ကိုရင်ဆိုင်ခဲ့ရကြောင်း သိရသည်။