လက်ဘနွန်နိုင်ငံနှင့်ထိစပ်နေသော နယ်စပ်မြို့တစ်မြို့ဖြစ်သည့်ကာယက်ရှမိုနာမြို့မှ ဒေသခံပြည်သူဦးရေ၂ဝဝဝဝ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း

အစ္စရေးစစ်ဘက်ကယနေ့တွင် ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၉ ရက်တွင်ကာယက်ရှမိုနာမြို့တည်ရှိရာ နယ်မြေအတွင်း နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ကာယက်ရှမိုနာမြို့ခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန်အစ္စရေးနိုင်ငံက စီစဉ်ထားခြင်းဖြစ်သည်။ ဂါဇာအခြေစိုက် ဟားမစ်အုပ်စုက အစ္စရေးတောင်ပိုင်းမြို့များကိုအောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး-လက်ဘနွန်နယ်စပ်၌ အပြန်အလှန်ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည်။ အစ္စရေးနိုင်ငံသည် လက်ဘနွန်နယ်စပ်တစ်လျှောက်၌ အချို့နယ်မြေများကို စစ်ပွဲဇုန်များအဖြစ်ကြေညာထားပြီးဖြစ်ရာ ယင်းနယ်မြေများမှဒေသခံများမှာ ဘေးလွတ်ရာသို့ထွက်ခွာခဲ့ရပြီဖြစ်သည်။ လက်ဘနွန်နယ်စပ်အခြေအနေကြောင့် ကာယက်ရှမိုနာမြို့မှခေါ်ထုတ်လာမည့်သူများကို နိုင်ငံတော်က သတ်မှတ်ပေးထားသည့်တည်းခိုရိပ်သာများ၌ နေရာချထားမည်ဖြစ်ကြောင်း အစ္စရေးစစ်ဘက်ကကြေညာထားသည်။ လက်ရှိဖြစ်ပွားနေသည့် အစ္စရေး-ဟားမစ်စစ်ရေးပဋိပက္ခမှာ လက်ဘနွန်နယ်စပ်ထိ ကူးစက်လာပြီးဒေသတွင်း ပဋိပက္ခတစ်ခုအဖြစ်သို့ကျယ်ပြန့်လာမည့်အရေး စိုးရိမ်ရသည်ဟု လေ့လာသူများကသုံးသပ်ထားကြောင်း သိရသည်။