မြောက်ကိုရီးယားနိုင်ငံသည်၎င်းတို့၏ပထမဆုံးသောနည်းဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်ရေးရေငုပ်သင်္ဘောကို

စက်တင်ဘာ ၇ရက်က ရေချခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ သူရဲကောင်းကင်မ်ကန်အော့ခ်ဟူ၍အမည်ပေးထားသည့် အဆိုပါရေငုပ်သင်္ဘော အမှတ် ၈၄၁ သည်မြောက်ကိုရီးယားရေတပ်၏ အဓိကရေအောက်ထိုးစစ် လက်နက်စနစ်တစ်မျိုးဖြစ်လာလိမ့်မည်ဖြစ်ကြောင်းမြောက်ကိုရီးယားအစိုးရ၏ ကေစီအင်န်အေသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ရေငုပ်သင်္ဘောအမှတ် ၈၄၁ရေချပွဲသို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်းကေစီအင်န်အေသတင်းဌာန၏ အဆိုအရသိရသည်။ ရေချပွဲပြီးဆုံးပြီးနောက် ၄င်းရေငုပ်သင်္ဘောကို ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်နိုင်ငံတို့အကြားကင်းလှည့်နေသည့် မြောက်ကိုရီးယားရေတပ်အုပ်စုတွင် တာဝန်ချထားကြောင်း ကေစီအင်န်အေကသတင်းထုတ်ပြန်ထားသည်။ အဆိုပါ ရေငုပ်သင်္ဘောအမှတ်၈၄၁ သည် ဆိုဗီယက်ပြည်ထောင်စု၏ ရိုမီယိုအတန်းအစားရေငုပ်သင်္ဘောတစ်စီးကို ပြန်လည်ပြုပြင်မွမ်းမံထားခြင်း ဖြစ်နိုင်ကြောင်းလေ့လာသူများက သုံးသပ်ထားသည်။ ဒုံးလွှတ်ပြွန် ၁ဝ ခုပါဝင်သောအဆိုပါရေငုပ်သင်္ဘောတွင် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ဘလစ်စတစ်ဒုံးကျည်များနှင့် ခရုဇ်ဒုံးကျည်များ တပ်ဆင်ထားဖွယ်ရှိကြောင်းသိရသည်။