ယခုနှစ် နိုဘယ်လ်ဆုပေးပွဲများ၏ ညစာစားပွဲများသို့ တက်ရောက်ရန် နိုဘယ်လ်ဖောင်ဒေးရှင်းကရုရှားနှင့် ဘီလာရုစ်သံအမတ်ကြီးများကို

ဖိတ်ကြားထားကြောင်းရိုက်တာသတင်းဌာနက သြဂုတ်၃၁ ရက်တွင် ဖော်ပြခဲ့သည်။ နိုဘယ်လ်ဖောင်ဒေးရှင်းသည် ပြီးခဲ့သည့်နှစ်က ယူကရိန်း ပြဿနာကိုအကြောင်းပြု၍ နိုဘယ်လ်ဆုပေးပွဲ ညစာစားပွဲများတက်ရောက်ရန်ရုရှားနှင့် ဘီလာရုစ်သံအမတ်ကြီးများကို ဖိတ်ကြားခဲ့ခြင်းမရှိကြောင်းသိရသည်။ သို့ရာတွင် ယခုနှစ် နိုဘယ်လ်ဆုပေးပွဲ ညစာစားပွဲများသို့ တက်ရောက်ရေးအတွက် ဆွီဒင်နှင့်နော်ဝေနိုင်ငံတို့၌ ကိုယ်စားပြုရှိနေသော သံအမတ်ကြီးအားလုံးကို ဖိတ်ကြားမည်ဖြစ်ကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းအခြေစိုက်နိုဘယ်လ်ဖောင်ဒေးရှင်းက သတင်း ထုတ်ပြန်ထားသည်။ နိုဘယ်လ်ဆု ခြောက်ဆုအနက်ငါးဆုကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ချီးမြှင့်လေ့ရှိပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို နော်ဝေနိုင်ငံ အော့စလိုမြို့၌ ချီးမြှင့်ပေးလေ့ရှိသည်။ ယခုနှစ် နိုဘယ်လ်ဆုရှင်များစာရင်းကို သက်ဆိုင်ရာနိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီများကအောက်တိုဘာလ အစောပိုင်းတွင်ကြေညာမည်ဖြစ်သည်။ အဆိုပါ ဆုပေးပွဲများကိုနိုဘယ်လ်ဆုများ စတင်ပေးအပ်ခဲ့သည့် အဲဖရက်နိုဘယ်လ်ကွယ်လွန်ခဲ့သည့် ဒီဇင်ဘာ ၁ဝရက်တွင် ကျင်းပလေ့ရှိကြောင်း သိရသည်။