အီတလီနိုင်ငံ လမ်ပီဒူဆာကျွန်းကမ်းလွန်၌ ရွှေ့ပြောင်းဝင်ရောက်သူများလိုက်ပါလာသည့် ရေယာဉ်နှစ်စီးတိမ်းမှောက်ခဲ့ရာ လူနှစ်ဦးသေဆုံး၍ ဦးရေ ၃ဝ ဝန်းကျင်ပျောက်ဆုံးနေကြောင်း

ရိုက်တာသတင်းဌာနက သြဂုတ် ၇ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါ သင်္ဘောပျက်မှုဖြစ်စဉ်များအတွင်း ရွှေ့ပြောင်းဝင်ရောက်သူအများအပြားကိုလည်းကယ်တင်နိုင်ခဲ့ကြောင်း အီတလီကမ်းခြေစောင့်တပ်က သြဂုတ် ၆ ရက်တွင်သတင်းထုတ်ပြန်ထားသည်။ လမ်ပီဒူဆာကျွန်း ကမ်းလွန်၌သြဂုတ် ၆ ရက်တွင် ပျက်စီးခဲ့သည့်ရေယာဉ်နှစ်စီးအနက် တစ်စီးသည်ရွှေ့ပြောင်းဝင်ရောက်သူ ၄၈ ဦးတင်ဆောင်ထားပြီး ကျန်တစ်စီးမှာ၄၂ ဦး တင်ဆောင်ထားကြောင်းအသက်ရှင်ကျန်ရစ်သူများ၏ အဆိုအရ သိရသည်။ ထို့ပြင် အီတလီကမ်းခြေစောင့်တပ်ဖွဲ့သည် သင်္ဘောပျက်မှုဖြစ်ပွားခဲ့ပြီးနောက် လမ်ပီဒူဆာကျွန်းကမ်းရိုးတန်း ကမ်းပါးစောင်းတစ်ခု၌သောင်တင်နေသည့် ရွှေ့ပြောင်းဝင်ရောက်သူ ၃၄ ဦးကိုလည်း သြဂုတ်၆ ရက်တွင် လေကြောင်းခရီးစဉ်များဖြင့် ကယ်တင်ပေးခဲ့ရသည်။ အီတလီနိုင်ငံသည် ပင်လယ်ပြင်ကိုဖြတ်သန်း၍ ရွှေ့ပြောင်းဝင်ရောက်သူများဝင်ရောက်လာမှုနှုန်းမြင့်တက်လာမှုနှင့် ရင်ဆိုင်နေရသည်။ ယခုနှစ်တွင် လက်ရှိကာလထိပင်လယ်ပြင်ကိုဖြတ်၍ အီတလီသို့ရောက်ရှိလာသော ရွှေ့ပြောင်းဝင်ရောက်သူအရေအတွက်မှာ ၉၂ဝဝဝထိရှိခဲ့ကြောင်း သိရသည်။