ချက်ကြိုးများအတွင်း တွေ့ရတတ်သည့် ဇီဝအဆီပျစ်တစ်မျိုးဖြင့်ပြုလုပ်ထားသော မျက်စဉ်းဆေးသစ်တစ်မျိုးသည် မျက်စိအမြင်အာရုံဆုံးရှုံးနိုင်မှုကို

တားဆီးပေးနိုင်ဖွယ်ရှိကြောင်း The Daily Mail သတင်းစာက သြဂုတ် ၃၁ ရက်တွင် ရေးသားတင်ပြထားသည်။  အဆိုပါ မျက်စဉ်းဆေးသစ်သည် Chronic Keratitis ခေါ် မျက်ကြည်လွှာရောင်ရမ်းမှုပြဿနာကို ကုသနိုင်မှု ရှိ၊ မရှိ ဖော်ထုတ်အတည်ပြုရေးအတွက် လက်ရှိအချိန်တွင် ပြင်သစ်နိုင်ငံ ဆေးရုံခြောက်ရုံ၌ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နေပြီဖြစ်သည်။ Chronic Keratitis  မျက်ကြည်လွှာရောင်ရမ်းမှုရောဂါသည်မျက်လုံးပိုးဝင်မှု၊ မျက်ကပ်မှန်ကာလကြာရှည်စွာ တပ်ထားမှုတို့ကြောင့် ဖြစ်ပွားတတ်သည်။ ၄င်းရောဂါသည် သာမန်အားဖြင့် အဖြစ်နည်းသော်လည်း မျက်ကြည်လွှာပျက်စီး၍ ရက်ပိုင်းအတွင်း အမြင်အာရုံ ဆုံးရှုံးသွားနိုင်သည့် ရောဂါမျိုးဖြစ်သည်။ သို့ရာတွင် Wharton's Jelly ခေါ် ဇီဝအဆီပျစ်တစ်မျိုးသည် Chronic Keratitis ရောဂါကို ကုသပေးနိုင်ဖွယ်ရှိကြောင်း ပြင်သစ်သုတေသန ပညာရှင်များက ပြောကြားသည်။ Wharton's Jelly တွင် ကိုယ်ခန္ဓာအတွင်းရှိ မည်သည့်တစ်ရှူးပုံစံမျိုးသို့မဆို ပြောင်းလဲနိုင်သည့်ပင်မဆဲလ်များ (Stem Cell)ပေါများကြောင်း သိရသည်။