စပျစ်စေ့များကို တစ်နေ့နှစ်ကြိမ် စားပေးပါက သွေးကြောထုံးများရောင်ရမ်းမှုနှင့် နာကျင်ကိုက်ခဲမှုကိုလျှော့ချပေးနိုင်ကြောင်းသုတေသနပညာရှင်များ၏အဆိုကိုကိုးကား၍

The Daily Mailသတင်းစာက သြဂုတ် ၇ ရက်တွင်ရေးသားတင်ပြထားသည်။ တောင်ကိုရီးယားနိုင်ငံ ယွန်ဆိုးတက္ကသိုလ်မှ သုတေသနပညာရှင်များသည် သွေးကြောထုံးများရှိနေသည့် လူနာ ၂၃ ဦးဖြင့် စပျစ်စေ့၏အာနိသင်ကို လက်တွေ့စမ်းသပ်ခဲ့ကြသည်။ ထွက်ပေါ်လာသည့် ရလဒ်များအရ စပျစ်စေ့စားသုံးပြီးချိန်တွင်သွေးကြောထုံးများ (Varicose Veins) ၌ သွေးလည်ပတ်မှုပိုကောင်းလာပြီး နာကျင်မှုကျဆင်းသွားသည်ကိုတွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။ လေ့လာချက်မှ ထွက်ပေါ်လာသည့်ရလဒ်များအရ စပျစ်စေ့စားပြီးချိန်တွင် သွေးကြောထုံးရှိရာနေရာများ၏ သွေးလည်ပတ်မှုမှာ တစ်စက္ကန့်လျှင် ငါးစင်တီမီတာပိုမြန်လာကြောင်း သုတေသနပညာရှင်များ၏အဆိုအရ သိရသည်။ စပျစ်စေ့တွင်ပါဝင်သည့် Proanthocyanidinခေါ် အောက်ဆီဂျင်ဓာတ်ဖျက်ပစ္စည်းတစ်မျိုးသည်သွေးလည်ပတ်မှုကို မြှင့်တင်ပေးနိုင်ကြောင်း သုတေသနပညာရှင်များကယူဆထားသည်။အဆိုပါ ဓာတုပစ္စည်းကြောင့်သွေးကြောများပျော့ပျောင်းလာပြီးသွေးလည်ပတ်မှုပိုမိုအားကောင်းလာခြင်းဖြစ်နိုင်သည်ဟု သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။