ဘီစကွတ်၊ ကိတ်မုန့်နှင့်အချိုရည် (Fizzy Drins) ကဲ့သို့သကြားဓာတ်ကဲသော အစားအစာများကြောင့် ကျောက်ကပ်၌ကျောက်တည်နိုင်ခြေ မြင့်မားလာနိုင်ကြောင်း

သုတေသနပညာရှင်များ၏အဆိုကို ကိုးကား၍  The Daily Mail သတင်းစာက သြဂုတ်၅ ရက်တွင် ရေးသားတင်ပြထားသည်။ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မြောက်ပိုင်းဆေးကောလိပ်မှသုတေသန ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ သကြားဓာတ်ထပ်မံ ဖြည့်ဆည်းထားသော ပြုပြင်စီရင်ထားသည့် အစားအစာများကြောင့်ကျောက်ကပ် ကျောက်တည်နိုင်ခြေ မြင့်မားလာတတ်ကြောင်း သိရသည်။ တရုတ် သုတေသနပညာရှင်များသည် လူပေါင်း ၃ဝဝဝဝ ခန့်၏ အစားအစာ စားသောက်မှုပုံစံနှင့်ကျောက်ကပ် ကျောက်တည်နိုင်ခြေတို့ကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။ လေ့လာမှုမှ ပေါ်ထွက်လာ သည့်ရလဒ်များအရ သကြားဓာတ်ပါဝင်မှုအများဆုံး အသင့်စား စားသောက် ဖွယ်ရာများကို အဓိကထားစားသုံးသူများ၌ ကျောက်ကပ်ကျောက်တည်နိုင်ခြေမှာ ပုံမှန်ထက်၃ဝ ရာခိုင်နှုန်း ပိုမြင့်မားသည်ကိုတွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။ ထို့ပြင် နေ့စဉ်စားသုံးသည့် စွမ်းအင်ပမာဏ၏ လေးပုံတစ်ပုံကျော်ကို သကြားဓာတ်ဖြည့် ဓာတ်စာများမှ ရယူသူများတွင် ကျောက်ကပ် ကျောက်တည်နိုင်ခြေမှာ ပုံမှန်ထက် ၈၀ ရာခိုင်နှုန်းပိုမိုမြင့်မားသည်ကိုတွေ့ရကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။ ကျောက်ကပ်၌ ကျောက်တည်ရခြင်းအဓိကနောက်ခံအကြောင်း တရားများထဲတွင် သကြားဓာတ်ဖြည့် အစားအစာများ အလွန်အကျွံစားသုံးမှုကိုလည်း ထည့်သွင်းသင့်သည်ဟု တရုတ်သုတေသနပညာရှင်များက အကြံပြုထားကြောင်းသိရသည်။