ကိုယ်ဝန်ဆောင်ကာလအတွင်းမိခင်လောင်း၏ဓာတ်စာ၌ အမျှင်ဓာတ်ပါဝင်မှု နည်းလွန်းပါကမွေးဖွားလာမည့် ကလေး၏စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ နှေးကွေးလာနိုင်ကြောင်း

Health Day News ဆေးပညာ သတင်းဝက်ဘ်ဆိုက်ကဇူလိုင် ၃ဝ ရက်တွင် ရေးသားတင်ပြထားသည်။ ဂျပန်နိုင်ငံ ယာမာနာရှီတက္ကသိုလ်မှ သုတေသနပညာရှင်များ၏အဆိုအရ ကိုယ်ဝန်ဆောင်ကာလအတွင်း အမျှင်ဓာတ်အစားနည်းပါက မွေးဖွားလာမည့်ကလေးများ၏ ဦးနှောက်အာရုံနာ့ဗ်ဆဲလ်များ လုပ်ငန်းလည်ပတ်မှုနှေးကွေးသွားကြောင်း သိရသည်။ ဂျပန်သုတေသနပညာရှင်များသည် ဓာတ်ခွဲခန်းအတွင်း တိရစ္ဆာန်များဖြင့် စမ်းသပ်မှုပြုလုပ်ခဲ့ပြီး နောက် လူသားများဖြင့် ထပ်မံစမ်းသပ်၍ ၄င်းတို့၏ တွေ့ရှိချက်ကိုတင်ပြခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ဓာတ်ခွဲခန်းစမ်းသပ်မှုမှ ပေါ်ထွက်လာသည့်ရလဒ်သည် လူသားများအပေါ်တွင်လည်း တူညီသည့်အကျိုးသက်ရောက်မှုမျိုးရှိကြောင်း ဂျပန်သုတေသန ပညာရှင်များကပြောကြားသည်။ ကိုယ်ဝန်ဆောင်ကာလအတွင်းလိုအပ်သည့် အာဟာရဓာတ်များမပြည့်ဝမှုသည် မွေးဖွားလာသည့်ကလေးများ၌ အာရုံနာ့ဗ်ဆဲလ်စနစ်ဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် ဆက်စပ်နေကြောင်း ဂျပန်သုတေသနပညာရှင်များက သုံးသပ်ထားသည်။ဂျပန်သုတေသနပညာရှင်များသည် လူသားများဖြင့် လက်တွေ့စမ်းသပ်လေ့လာရာတွင် မိခင်နှင့်ကလေးဦး ရေ ၇၆ဝဝဝ တို့၏ကျန်းမာရေးအချက်အလက်ကို နှိုင်းယှဉ်လေ့လာခဲ့ကြကြောင်း သိရသည်။