မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်နှင့် အခြားမြို့များသို့ ဘိလပ်မြေသီးသန့်တင်ပို့သည့် သင်္ဘောအစီးရေ တိုးလာကြောင်းမန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောပြ၍ သိရသည်။

ဧရာဝတီမြစ်အတွင်း ယခုလက်ရှိ ရေနည်းချိန်ကာလသို့ ရောက်ရှိနေပြီး ရေလမ်းကြောင်းတစ်လျှောက် သောင်ထွန်းမှုများဖြစ်ပေါ်နေသော်လည်း ရေလမ်းကြောင်း ကောင်းမွန်လျက်ရှိသောကြောင့် သင်္ဘောများ သွားလာရာတွင် အဆင်ပြေလျက်ရှိကြောင်း၊ယခုလတ်တလော ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်၊ ထီးချိုင့်၊ကသာ စသည့်မြို့များသို့ ဘိလပ်မြေ သီးသန့်တင်ပို့သည့် သင်္ဘောအစီးရေတိုးလာကြောင်း သိရသည်။မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှာ ဇန်နဝါရီလ ပထမပတ်ကနေစပြီးတော့ ဘိလပ်မြေရရှိမှုက တော်တော်လေး အားကောင်းလာတယ်။ ဇန်နဝါရီ ၉ ရက်မှာတော့ ရွှေကြက်ယက်ဆိပ်ကမ်းကနေ ရန်ကုန်နဲ့ အခြားမြို့တွေကို ဘိလပ်မြေသီးသန့်တင်ပို့မှု တော်တော်လေး ပြန်များလာပါတယ်ဟု ဦးဝင်းမောင်ကပြောပြသည်။ရွှေကြက်ယက်ဆိပ်ကမ်းမှရန်ကုန်၊ ထီးချိုင့်၊ ကသာ စသည့်မြို့များသို့ ဘိလပ်မြေသီးသန့်တင်ပို့သည့် သင်္ဘောအစီးရေမှာဒီဇင်ဘာလ နောက်ဆုံးပတ်ကတစ်ရက်လျှင် အစီးရေ ၅ဝ ကျော်သာရှိခဲ့သော်လည်း ဇန်နဝါရီ ၉ရက်မှစ၍ ကုန်စည်ရရှိမှုများပြားလာခြင်းကြောင့် ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်၊ ထီးချိုင့်၊ကသာ စသည့်မြို့များသို့ ဘိလပ်မြေသီးသန့်တင်ပို့သည့် သင်္ဘောမှာ တစ်ရက်လျှင် အစီးရေ ၁ဝဝကျော်ထိရှိလာကြောင်း သိရသည်။မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်နှင့် အခြားမြို့များသို့ ဘိလပ်မြေ၊ ကျောက်စရစ်စသည့်ကုန်စည်များ တင်ပို့သည့်ကုန်တင်သင်္ဘော စုစုပေါင်း အစီးရေ ၃ဝဝ ကျော်ထိရှိကြောင်းမန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။