မန္တလေး ချော်ဆိပ်ကမ်းတွင်ကုန်စည်ရရှိမှု များပြားလာ၍ကုန်တင်၊ကုန်ချလုပ်သား ဦးရေ၄ဝဝ ကျော်ထိ ရှိလာကြောင်းမန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောပြ၍ သိရသည်။

ယခုအခါ ဧရာဝတီမြစ်အတွင်းရေနည်းချိန်ကာလ ဖြစ်သော်လည်း ချော်ဆိပ်ကမ်းမှ ကုန်စည်မျိုးစုံဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ငါးပိ၊ ငါးခြောက် အပါအဝင် အခြားကုန်စည် အမျိုးမျိုးကို ထီးချိုင့်၊ ကသာ၊ရွှေကူ၊ ဗန်းမော် စသည့်မြို့များသို့တင်ပို့လျက်ရှိကြောင်း၊ ဒီဇင်ဘာလ ပထမပတ်မှစ၍ ချော်ဆိပ်ကမ်းတွင် ကုန်စည်ရရှိမှု များပြားလာ၍ကုန်တင်၊ကုန်ချလုပ်သားဦးရေလည်းများပြား လာကြောင်း သိရသည်။ ချော်ဆိပ်ကမ်းကနေ ထီးချိုင့်၊ကသာ၊ ရွှေကူ၊ ဗန်းမော် စတဲ့မြို့တွေကို ဆန်နဲ့ အဝတ်အထည် တင်ပို့မှုကတော့ အခုလတ်တလောအများဆုံးပါ။ ချော်ဆိပ်ကမ်းကနေအရင်က ဆန်၊ဆီ၊ငါးပိ၊ ငါးခြောက်စတဲ့ ကုန်စည်တွေကို တင်ပို့တဲ့ ကုန်တင်သင်္ဘောက အစီးရေ ၁ဝဝကျော်ပဲရှိတယ်။ အခုလက်ရှိ အဲဒီကုန်စည်တွေကို တင်ပို့တဲ့ကုန်တင်သင်္ဘောက အစီးရေ ၁၂ဝ ကျော်ထိရှိလာတယ်ဟု ဦးဝင်းမောင်က ပြောပြသည်။ ချော်ဆိပ်ကမ်းမှ ထီးချိုင့်၊ကသာ၊ ရွှေကူ၊ ဗန်းမော်စသည့်မြို့များသို့ နိုဝင်ဘာလ နောက်ဆုံးပတ်က တင်ပို့သည့်ကုန်စည် အနည်းငယ်သာရှိသောကြောင့် ကုန်တင်၊ကုန်ချ လုပ်သားမှာ တစ်ရက်လျှင်ဦးရေ ၁၅ဝ ကျော်သာရှိခဲ့ကြောင်း၊ဒီဇင်ဘာလ ပထမပတ်တွင် ကုန်စည်ရရှိမှု များပြားလာပြီး ကုန်တင်၊ကုန်ချလုပ်သားမှာ တစ်ရက်လျှင်ဦးရေ ၄ဝဝ ကျော်ထိ လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ မန္တလေး ချော်ဆိပ်ကမ်းမှ ဆန်၊ကြက်သွန်၊ဆီ၊ဆား၊ငရုတ် စသည့်ကုန်စည်အမျိုးမျိုးကို သပိတ်ကျင်း၊ ထီးချိုင့်၊ ကသာ၊ ရွှေကူ၊ ဗန်းမော်၊မြစ်ကြီးနား စသည့်မြို့များသို့ ကုန်တင်သဘောင်္ အစီးရေ ၂ဝဝ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိ ကြောင်းသိရသည်။