မန္တလေးတိုင်းဒေသကြီးအတွင်းမြို့နယ်၁၅ မြို့နယ်ရှိ တောင်သူများကို ယခုနှစ် ဆောင်းသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်သန်း ၂၅ဝဝ ကျော်ကို ယခုလကုန်ထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးမန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောပြ၍သိရသည်။ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲအနေဖြင့် တောင်သူများကိုရာသီအလိုက် သီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးကာတောင်သူများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြု ပေးလျက်ရှိကြောင်း သိရသည်။ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကို တိုင်းဒေသကြီးအတွင်းမှာ ဒီနှစ် အောက်တိုဘာလကစပြီးထုတ်ချေးပေးနေပါတယ်။ တောင်သူတွေ စိုက်ပျိုးရာမှာ တစ်ဖက်တစ်လမ်းကအထောက်အပံ့ဖြစ်ဖို့စပါးတစ်ဧကအတွက် ငွေကျပ်၁၅ဝဝဝဝ နဲ့ အခြားသီးနှံတွေကိုတစ်ဧကအတွက် ငွေကျပ်၁ဝဝဝဝဝ ကို စိုက်ပျိုးရာသီအလိုက်ထုတ်ချေးပါတယ်။ ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေကို ဒီဇင်ဘာလကုန်ထိ ထုတ်ချေး ပေးသွားမှာပါဟု ဦးစိုးကိုကိုဝင်းက ပြောပြသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းမြို့နယ် ၁၅ မြို့နယ်မှ တောင်သူများကို ယခုနှစ် ဆောင်းသီးနှံချေးငွေအဖြစ် ငွေကျပ်သန်း ၂၅ဝဝကျော်လျာထားထုတ်ချေးပေးမည်ဖြစ်ရာ ယနေ့ထိ တောင်သူ ၆၈၂ဦး၏ စိုက်ပျိုးဧက ၂၅၉၈ ဧကအတွက် ငွေကျပ် ၂၆၇ သန်းကျော် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့ ထုတ်ချေးပေးနေသည့်မြို့နယ်များမှာ ချမ်းအေးသာစံ၊အမရပူရ၊ ကျောက်ဆည်၊ ပုသိမ်ကြီး၊ မတ္တရာ၊ မိတ္ထီလာ၊ စဥ့်ကူး၊ စဥ့်ကိုင်၊ တံတားဦး၊ မြစ်သား၊သာစည်၊ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ ကျောက်ပန်းတောင်းမြို့နယ်တို့ဖြစ်ကြောင်း ၄င်းက ပြောပြ၍သိရသည်။