ပွင့်လင်းရာသီကာလတွင်မန္တလေး - ကျောက်မြောင်းကြားဧရာဝတီလင်းပိုင်များကို သွားရောက်ကြည့်ရှုသည့် ခရီးသွားများပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့် ရှောက်ရေး အဖွဲ့ခေါင်းဆောင်ဦးမောင်မောင်လေးက ပြောပြ၍သိရသည်။

ယခုအခါ ပွင့်လင်းရာသီကာလ ဖြစ်သည့်အပြင် ခရီးသွားရာသီကာလလည်းဖြစ်သောကြောင့်မန္တလေးမြို့ အပါအဝင် အခြားမြို့များမှ ခရီးသွားများအနေဖြင့်မန္တလေး- ကျောက်မြောင်းကြားရှိဧရာဝတီလင်းပိုင်များကို သွားရောက်ကြည့်ရှုမှု များပြားလျက်ရှိကြောင်းသိရသည်။ အခုက ပွင့်လင်းရာသီကာလဆိုတော့ ဧရာဝတီလင်းပိုင်တွေကိုသွား ရောက်ကြည့်ရှုလေ့လာတဲ့ ခရီးသွားတွေ တော်တော်လေးပြန်များလာတယ်။ ပြီးတော့ လင်းပိုင်နဲ့ကွန်ပစ်ငါးဖမ်း တဲ့ဓလေ့ကိုလဲ စိတ်ဝင်စားတဲ့ခရီးသွားတွေ များလာတယ်ဟု ဦးမောင်မောင်လေးကပြောပြသည်။ မန္တလေး-ကျောက်မြောင်းကြားဧရာဝတီလင်းပိုင်များကို အောက်တိုဘာလက သွားရောက် ကြည့်ရှုသည့်ခရီးသွားမှာ တစ်ရက်လျှင်ဦးရေ ၅ဝ ကျော်သာရှိကြောင်း၊နိုဝင်ဘာလ ပထမပတ်မှစ၍ တစ်ရက်လျှင် သွားရောက် ကြည့်ရှုသည့်ခရီးသွားဦးရေ ၁၃ဝ ကျော်ထိရှိလာကြောင်း သိရသည်။ယခုလက်ရှိ ဧရာဝတီမြစ်အတွင်း မြစ်ရေကျဆင်းလာခြင်းကြောင့်ဧရာဝတီလင်းပိုင်များသည် အစာပေါများသည့် မန္တလေးမြို့အနီးတွင် အုပ်စုလိုက်ပြောင်းရွှေ့နေထိုင်ကျက်စားလျက်ရှိကြောင်း ၄င်းကပြောပြ၍ သိရသည်။