ရုရှားသမ္မတပူတင်နှင့် ကျူးဘားသမ္မတ မီဂွဲလ်ဒီအက်ဇ်ကာနယ် တို့သည် နိုဝင်ဘာ ၂၂ ရက်တွင် မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့သည်။ ကျူးဘားသမ္မတ မီဂွဲလ်ဒီအက်ဇ် ကာနယ်သည် နိုဝင်ဘာ ၁၉ ရက် ကပင်

မော်စကိုမြို့သို့ရောက်ရှိခဲ့ပြီး ရုရှားထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နိုဝင်ဘာ ၂၂ ရက် ဆွေးနွေးပွဲ အပြီးတွင်ရုရှားသမ္မတနှင့် ကျူးဘားသမ္မတတို့သည် ကျူးဘားတော်လှန် ရေးခေါင်းဆောင် ဖီဒယ်လ်ကတ် စထရိုရုပ်တုဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။ ကတ်စထရိုရုပ်တု ဖွင့်ပွဲတွင် ရုရှားသမ္မတ ပူတင်နှင့် ကျူးဘားသမ္မတ မီဂွဲလ်ဒီအက်ဇ်ကာနယ်တို့ နှစ်ဦးစလုံးက မိန့်ခွန်းများပြောခဲ့ ကြသည်။ ကတ်စထရိုအထိမ်းအမှတ်ရုပ်တု ဖွင့်ပွဲမိန့်ခွန်းတွင် ရုရှားသမ္မတ ပူတင်သည် အမေရိကန်နိုင်ငံအား နှစ်ပေါင်းများစွာ အန်တုခဲ့သည့် ကွယ်လွန်သူကျူးဘားခေါင်းဆောင် ကတ်စထရိုကို နိုင်ငံ၏အချုပ်အခြာ ပိုင်စိုးမှုကို ကာကွယ်ပေးခဲ့သူအဖြစ် ဂုဏ်ပြုခဲ့သည်။ ထို့ပြင် ဆိုဗီယက်ပြည်ထောင်စု၊ ရုရှားနိုင်ငံတို့ကလည်း ကျူးဘား ပြည်သူများ၏လွတ်လပ်ရေးလှုပ်ရှားမှုကို ယနေ့ထိ ဆက်လက်ထောက်ခံ အားပေးခဲ့သည်ဟု သမ္မတပူတင် က ပြောကြားခဲ့ကြောင်း သိရသည်။