တရုတ်သမ္မတရှီကျင့်ဖျင်သည်ပင်လယ်ကွေ့ အာရပ်နိုင်ငံများမှခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေးပွဲများ ကျင်းပရန် ဒီဇင်ဘာ၇ ရက်က ဆော်ဒီအာရေဗျနိုင်ငံသို့ရောက်ရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

သမ္မတရှီကျင့်ဖျင် လိုက်ပါလာသော တရုတ်လေကြောင်းလိုင်းဘိုးအင်း-၇၄၇ လေယာဉ် ရီယာ့ဒ်လေဆိပ်သို့ ဆင်းသက်စဉ် ဆော်ဒီလေတပ်မှ တိုက်လေယာဉ်များကတရုတ်အမျိုးသားအလံနှင့် ဆော်ဒီအမျိုးသားအလံများကို ရောင်စုံမီးခိုးများဖြင့် ပုံဖော်၍ ဆီးကြိုနှုတ်ဆက်ခဲ့ကြသည်။ ဆော်ဒီခရီးစဉ် အတွင်း သမ္မတရှီကျင့်ဖျင်သည် တရုတ်-အာရပ်နိုင်ငံများထိပ်သီးညီလာခံသို့ တက်ရောက်မည်ဖြစ်ပြီး ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ တင်းကျပ်သည့် ကိုဗစ်-၁၉ရောဂါကူးစက်မှု ထိန်းချုပ်ရေးစည်းမျဉ်းများကြောင့် ကျဆင်းခဲ့ရသော စီးပွားရေးကို ပြန်လည်တွန်းတင်ရန် တရုတ်အစိုးရက ကြိုးစားနေစဉ် ပင်လယ်ကွေ့အာရပ်နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် သမ္မတ ရှီကျင့်ဖျင်ကစီစဉ်ထားခြင်းဖြစ်သည်။ ရေနံသယံဇာတ ကြွယ်ဝသည့်ပင်လယ်ကွေ့ အာရပ်နိုင်ငံများသည်တရုတ်နိုင်ငံ၏စွမ်းအင်လိုအပ်ချက်အတွက် အရေးကြီးသည့် နိုင်ငံများဖြစ်သည်။ တစ်ချိန်တည်းမှာပင် အာရပ်နိုင်ငံများသည်လည်း အမေရိကန်နိုင်ငံ၏အာရုံ အခြားကမ္ဘာ့ပြဿနာများ ဘက်ရောက်နေချိန်တွင် ၄င်းတို့၏နိုင်ငံခြားရေးမူဝါဒများကို ပြန်လည်ထိန်းညှိလာခဲ့ကြပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တည်ဆောက်ရန်ကြိုးစားလျက်ရှိကြောင်း သိရသည်။