ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေသည့်မန်စီးတီးအသင်းသည် အဆင့်(၂)မှ အာဆင်နယ် အသင်းကို တစ်ပွဲလျှော့ရမှတ် လေးမှတ်ဖြတ်တောက်နိုင်ခဲ့ပြီး

အာဆင်နယ်အသင်းကနော်တင်ဟမ်အသင်းကို တစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောကြောင့်မန်စီးတီးအသင်းကပြိုင်ပွဲမပြီးဆုံးမီချန်ပီယံဆုဖလားဆွတ်ခူးခဲ့ကြောင်း 90Min.com က ယနေ့တွင်ဖော်ပြခဲ့သည်။ မန်စီးတီးအသင်းသည် ၃၅ ပွဲကစားအပြီးတွင် အဆင့်(၂)မှ အာဆင်နယ်အသင်းကို ရမှတ်လေးမှတ်အသာဖြင့် ဦးဆောင်နေပြီး လာမည့်ချဲလ်ဆီးအသင်းနှင့် ပွဲစဉ်ကိုအနိုင်ရမှသာ ချန်ပီယံဆုဖလားရရှိရန် သေချာမည်ဖြစ်သော်လည်း အာဆင်နယ်အသင်းအနေဖြင့် ပွဲစဉ်(၃၇)တွင် နော်တင်ဟမ်အသင်းကို တစ်ဂိုးဂိုးမရှိဖြင့်ထပ်မံရှုံးနိမ့်ခဲ့သောကြောင့် လက်ကျန်ပွဲကစားရန် သုံးပွဲအလိုတွင်ချန်ပီယံဆုဖလားရရှိခဲ့ပြီး ဘောလုံးရာသီသုံးရာသီဆက်တိုက်အမှတ်ပေး ချန်ပီယံဆုဖလားရရှိခဲ့သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပရီးမီးယားလိဂ်ဟု အမည် ပြောင်းလဲခေါ်ဆိုပြီးနောက်ပိုင်းတွင်ဘောလုံးရာသီ သုံးရာသီဆက်တိုက်ဆုဖလားရရှိခဲ့သည့် အသင်းမှာ မန်ယူအသင်းဖြစ်ပြီး ၂ဝဝ၆-၂ဝဝ၇၊ ၂ဝဝ၇-၂ဝဝ၈၊ ၂ဝဝ၈-၂ဝဝ၉ ဘောလုံးရာသီတို့တွင် ဆုဖလား ရယူခဲ့သကဲ့သို့ လက်ရှိတွင်မန်စီးတီး အသင်းက ၂ဝ၂၁၊ ၂ဝ၂၂၊ ၂ဝ၂၃ သုံးနှစ်ဆက် ချန်ပီယံဆုရရှိခဲ့သည့် ဒုတိယမြောက် အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မန်စီးတီးအသင်းသည်နည်းပြဂွါဒီယိုလာ တာဝန်ယူပြီးနောက်ပိုင်း အမှတ်ပေးဆုဖလားငါးကြိမ်ထိရရှိခဲ့ပြီး လက်ရှိတွင်အမှတ်ပေးဖလား ခုနစ်ကြိမ်ဖြင့် ဒုတိယဆုဖလား အများဆုံးရရှိခဲ့သည့်အသင်းအဖြစ် ရပ်တည်နေပြီးပရီးမီးယားလိဂ်ဟု ပြောင်းလဲပြီးနောက်ပိုင်း အမှတ်ပေးပြိုင်ပွဲသမိုင်းတွင် မန်ယူအသင်းက ၁၃ ကြိမ်ဖြင့် ပထမ၊ မန်စီးတီးက ခုနစ်ကြိမ်ဖြင့် ဒုတိယ၊ ချဲလ်ဆီးအသင်းကငါးကြိမ်ဖြင့် တတိယ၊ အာဆင်နယ်အသင်းက သုံးကြိမ်ဖြင့် စတုတ္ထ၊လီဗာပူးအသင်းက တစ်ကြိမ်ဖြင့်ပဉ္စမနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။