အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စု (B)နောက်ဆုံးပွဲစဉ်အဖြစ်ကစားခဲ့သည့် ကနေဒါအသင်းနှင့်သြစတြေးလျအသင်းတို့ ပွဲစဉ်တွင်သြစတြေးလျအသင်းက ကနေဒါအသင်းကို လေးဂိုးဂိုးမရှိဖြင့်အနိုင်ရခဲ့သောကြောင့်

အုပ်စုအဆင့်မှကျော်ဖြတ်နိုင်ခဲ့ကြောင်း Fotmob.com က ယနေ့တွင် ဖော်ပြခဲ့သည်။ အိမ်ရှင် သြစတြေးလျအသင်းသည် အုပ်စု(B)၌ အိုင်ယာလန်၊ကနေဒါ၊ နိုင်ဂျီးရီးယားအသင်းတို့နှင့်ကစားခဲ့ရပြီး အုပ်စုပထမပွဲစဉ်တွင် အိုင်ယာလန်အသင်းကိုတစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော်လည်း အုပ်စုဒုတိယပွဲစဉ်တွင်နိုင်ဂျီးရီးယားအသင်းကို သုံးဂိုးနှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့်အုပ်စုမှကျော်ဖြတ်နိုင်ရန် ရုန်းကန်ခဲ့ရပြီး အုပ်စုနောက်ဆုံးပွဲစဉ်တွင် ကနေဒါအသင်းနှင့် တွေ့ဆုံခဲ့ရာ ဂိုးပြတ်အနိုင်ရခဲ့သောကြောင့် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့်အုပ်စုပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ သြစတြေးလျ အသင်းသည်ကနေဒါအသင်းနှင့် ပွဲစဉ်တွင်ခြေစွမ်းပြတိုက်စစ်မှူး ဆန်ခါကို အရန်လူစာရင်းတွင် ထည့်သွင်းခဲ့ပြီးကနေဒါအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေးခဲ့သော်လည်း တန်ပြန်တိုက်စစ်ဖြင့်ပြန်လည် တုံ့ပြန်ခဲ့သောကြောင့်ပွဲချိန် ကိုးမိနစ်နှင့် ပွဲချိန် ၃၉ မိနစ်တွင် တိုက်စစ်မှူးရက်ဆိုက ဦးဆောင်ဂိုးများသွင်းယူနိုင်ခဲ့သဖြင့် နှစ်ဂိုးဂိုးမရှိဖြင့် ပထမပိုင်းကိုဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ကနေဒါအသင်းက ကွင်းလယ်နှင့်တိုက်စစ်ပိုင်း အပြောင်းအလဲပြုလုပ်ပြီးချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်းတိုက်စစ်ပိုင်း အားနည်းခဲ့မှုကြောင့်ပွဲချိန် ၅၈ မိနစ်တွင် သြစတြေးလျအသင်းတိုက်စစ်မှူး ဖောင်လာကတတိယ သွင်းဂိုးကိုလည်းကောင်း၊ပွဲကစားချိန် နာကျင်အချိန်ပို မိနစ်၉ဝ ကျော်တွင် အသင်းခေါင်းဆောင်ကက်တလေက ပင်နယ်တီမှတစ်ဆင့်စတုတ္ထဦးဆောင်ဂိုးကိုလည်းကောင်းသွင်းယူနိုင်ခဲ့ရာ လေးဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီး (၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။