၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ကစားခဲ့သည့်ဒိန်းမတ်အသင်းနှင့် သြစတြေးလျ အသင်းတို့ပွဲစဉ်တွင် သြစတြေးလျအသင်းက တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲ၌

အာရှအသင်းများမှပထမဆုံး (၁၆) သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့်အသင်းအဖြစ်မှတ်တမ်း ဝင်ခဲ့သည်ဟု Fox Sports သတင်းဝက်ဘ်ဆိုက်က ယနေ့တွင် ဖော်ပြခဲ့သည်။ ၂ဝ၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စု (D) တွင် နှစ်ပွဲကစားပြီးချိန်၌ပြင်သစ်အသင်းက အစောပိုင်းကတည်းက (၁၆) သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးဖြစ်သော်လည်း သြစတြေးလျအသင်း၊ ဒိန်းမတ်အသင်းနှင့် တူနီးရှားအသင်းတို့က နောက်ဆုံးပွဲစဉ်ထိ(၁၆) သင်း ရှုံးထွက်အဆင့်သို့တက်ရောက်ရန် အဆုံးအဖြတ်ကစားခဲ့ရခြင်းဖြစ်သည်။ အုပ်စု နောက်ဆုံးပွဲစဉ်တွင်ဒိန်းမတ်အသင်းက မဖြစ်မနေအနိုင်ရလဒ်ရရှိမှသာ နောက်တစ်ဆင့်တက်ရောက်မည်ဖြစ်ပြီး သြစတြေးလျအသင်းက သရေရရလဒ်ရရှိလျှင်ပင်နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ရှိနေသည့်အတွက် အကြိတ်အနယ်ရှိခဲ့သော်လည်း သြစတြေးလျအသင်းက တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး အခြားပွဲစဉ်တွင်လည်း တူနီးရှားအသင်းက ပြင်သစ်အသင်းကို အနိုင်ရရှိခဲ့သည့်အတွက်အုပ်စုပွဲစဉ်များအပြီးတွင် သြစတြေးလျ အသင်းက ရမှတ်ခြောက်မှတ်ဖြင့် (၁၆)သင်း ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ သြစတြေးလျ အသင်းသည်၂ဝဝ၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်(၁၆) သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး နောက်ပိုင်း၂ဝ၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂ဝ၁၄ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် သုံးကြိမ်ဆက်အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရပြီးယခုအခါမှသာ ဒုတိယအကြိမ်အဖြစ်(၁၆) သင်း ရှုံးထွက် အဆင့်သို့ပြန်လည်တက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။