လီဗာပူးအသင်းသည် ကွင်းလယ်ပိုင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိရာ ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင်  မော်ရိုကိုအသင်းအတွက် ခြေစွမ်းပြကစားနေသည့် ကွင်းလယ်ကစားသမား

အမ်မရာ ဘတ်ကို ခေါ်ယူနိုင်ရန်ကစားသမား၏အေးဂျင့်ဖြစ်သူနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု နည်းပြ ကလော့ပ်က ပြောကြားခဲ့ကြောင်းဒေးလီးမေးလ်သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းတွင် ကစားနေသည့်ကွင်းလယ်ကစားသမား အမ်မရာဘတ်သည် ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မော်ရိုကိုလက်ရွေးစင်အသင်း၌ ပါဝင်လာခဲ့ပြီး အသင်းနှင့်အတူ ပြိုင်ပွဲတိုင်း ပွဲချိန်ပြည့်ပါဝင်ခွင့်ရခဲ့ကာ ၄င်းသည်ပြိုင်ဘက်အသင်း၏ တိုက်စစ်ဆင်မှုများကိုဖျက်ထုတ်နိုင်ခဲ့သည့်အပြင် မိမိအသင်းတိုက်စစ်ပိုင်း အတွက်လည်းဂိုးရရှိရန် အခွင့်အရေးကောင်းများဖန်တီး၍ အသင်းအား ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် ကူညီနိုင်ခဲ့သောကြောင့်လီဗာပူးအသင်း နည်းပြကလော့ပ်က ၄င်းကိုခေါ်ယူရန် ကြိုးပမ်း ခဲ့ကြောင်း သိရသည်။ လီဗာပူးအသင်း ကွင်းလယ်ပိုင်းတွင် ချိန်ဘာလိန်း၊ ဂျိမ်းမင်နာ၊နာဘီကီတာတို့မှာ လာမည့်နွေရာသီတွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သကဲ့သို့ လူငယ်ကစားသမား ကာတစ်ဂျုန်းနှင့်ဖာဘင်ဟိုတို့မှာလည်း ပုံစံကောင်းရရှိရန် ရုန်းကန်နေရသဖြင့် နည်းပြကလော့ပ်ကကွင်း လယ်ပိုင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ပြီးခဲ့သည့်အပြောင်းအရွှေ့က ချူအာမန်နီကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့သဖြင့် ယခုအခါမော်ရိုကိုအသင်း ကွင်းလယ်ကစားသမား အမ်မရာဘတ်ကိုခေါ်ယူနိုင်ရန် ဆုံးဖြတ်ခဲ့ပြီး ကစားသမား၏အေးဂျင့်ဖြစ်သူနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။